ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့ မလောက်မငဖြစ်လာတာပဲဖြစ်ဖြစ် ဝန်ထမ်းလစာနည်းလို့ အပိုဝင်ငွေရှာချင်တာပဲဖြစ်ဖြစ် တခြားအကြောင်းကြောင်းတွေကြောင့် ဖြစ်ဖြစ် လုတွေဟာ တစ်ဖက်တစလမ်းက အပိုငွေရမယ့် နည်းလမ်းတွေ ရှာလာကြတယ်။ တချို့က မှန်မှန်ကန်ကန် နည်းလမ်းတွေ သုံးကြတယ်။
ဥပမာ အချိန်ပိုင်း စာရေးတာပဲဖြစ်ဖြစ်၊ Online Shopping လေးလုပ်တာပဲဖြစ်ဖြစ်ပေါ့။ တချို့ကလဲ မမှန်မကန် လုပ်နေသူတွေရဲ့ ထောင်ချောက်ထဲရောက်သွားကြတယ်။ MLM တွေထဲရောက်လိုရောက်၊ PTC အတုတွေ တွေ့လိုတွေ့ နဲ့။ ပြောချင်တာက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လုပ်နေသူတွေကို အားပေးပါတယ်။ ထောင်ချောက်ထဲ ရောက်သွားသူတွေကိုလဲ အပြစ်မပြောပါဘူး။ တခါ အလိမ်ခံရတယ်ဆိုတာ နောက်တကြိမ်မခံရဖို့ သင်ခန်းစာပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခုခု လုပ်တော့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်ပိုင်ဥာဏ်လေးနဲ့ စဉ်းစားပါ၊ မစားရ ဝခမန်းပြောကြသူတွေရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံးပါစေနဲ့။ကျနော့်ညီတွေနဲ့ သူငယ်ချင်းတွေ အလိမ်ခံလိုက်ကြရတယ်။ အကောင့် တစ်ခုကို ၉၀၀၀၀ နဲ့ အကောင့် တွေအများကြီးဖွင့်ပြီး ငွေကြိုပေးထားလိုက်တယ်။ ဟိုက လိမ်သွားပါလေရော။ ဒီတော့ တခုခု မလုပ်ခင် စဉ်းစားဖို့လိုပါတယ်။
ပိုက်ဆံကြိုတောင်းမယ်၊ အေးအေးဆေးဆေး သက်သက်သာသာနဲ့ ခဏလေးပဲ လုပ်ရမယ်၊ အဆများစွာ မြတ်မယ်၊ ဒါဆိုရင် သေချာပြီ လိမ်တော့မှာပါ။ Online လောကဟာ သိပ်ရှုပ်ထွေးတဲ့ လောကပါ။ ကျနော်တို့နိုင်ငံလို ပွင့်လင်းစနိုင်ငံတစ်ခုက အင်တာနက် ခုမှစသုံးတဲ့ သူတွေဟာ မသမာသူတွေရဲ့ သားကောင် ဖြစ်လာနိုင်ပါတယ်။ ကျနော် နှိမ်ပြောတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို အမှန်အတိုင်း ချဉ်းကပ်တာပါ။ မြန်မာတွေဟာ ရိုးသားတယ်၊ ယုံလွယ်တယ်၊ ဒါကို အခွင့်ကောင်းယူပြီး လိမ်မယ့်သူတွေက အမြတ်ထုတ်နိုင်ပါတယ်။ ဒါမျိုးဟာ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ရှိနေတာပါ။ ဒါတွေကို သတိပြုရပါမယ်။
လိမ်ပုံလိမ်နည်း အမျိုးမျိုးထဲမှာ
- အီးမေးလ်ပို့ပြီး ငွေရပေါက်ရလမ်း တစ်ခုရှိတယ်၊ ဒေါ်လာ သန်းချီရမယ်၊ အရင်ဆုံး ငွေလွှဲခ ဒေါ်လာရာဂဏန်း ပို့ပေးပါလို့ ပြောပြီး လိမ်ခြင်း။
- ငွေနည်းနည်းထည့်၊ အချိန်စောင့်ရုံနဲ့ ဘာမှလုပ်စရာ မလိုဘဲ အဆများစွာ ပွားလာမယ်လို့ပြောပြီး website တစ်ခုပြကာ လိမ်ခြင်း။
- သက်သက်သာသာ နဲ့ အိမ်မှာပဲလုပ်ရမယ်၊ ပိုက်ဆံကြိုပေးထားရမယ်လို့ ပြောပြီး part time job အနေနဲ့ လိမ်ခြင်း။
- Multilevel Marketing လုပ်ပြီး ကိုယ့်ကိုလိမ်နေမှန်း သိသိနဲ့ ကိုယ့်ပိုက်ဆံ ပြန်ရအောင် သူများကို လိမ်နေရခြင်း။
- ဟွန်ဒီနဲ့ ငွေလွှဲပေးမယ်ပြောပြီး ပိုက်ဆံတွေ ဘုန်းပြေးသွားခြင်း
စသည်စသည်တို့ ပါဝင်ပါတယ်။
အားလုံးကတော့ လိမ်နေတာ မဟုတ်ပါဘူး။ တစ်ချို့ တကယ်အကျိုးဆောင်ပေးတဲ့ လုပ်ငန်းတွေ၊ website တွေ ရှိပါတယ်။ တစ်ခုခုဆိုရင် သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေဘဲ ကိုယ်တိုင် ရေဆုံးရေဖျား စုံစမ်းပါ။ နောက်ကြောင်းရာဇဝင်က အစ ခိုင်မာမှုရှိမရှိ အဆုံး သေချာ စုံစမ်းကြည့်ပါ။ ကိုယ်အိတ်ထဲက စိုက်ရမယ် ဆိုရင် မလုပ်တာ အကောင်းဆုံးပါ။ လုပ်ကြည့်ချင်တယ် ဆိုရင်လည်း ကိုယ်အကုန်ခံနိုင်တဲ့ ပမာဏကို လှုလိုက်တယ်လို့ကို စိတ်ထဲက သတ်မှတ်ပြီး စမ်းကြည့်ပါ။ အကောင်းဆုံးကတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ အပိုငွေရှာတာ အကောင်းဆုံးပါလို့ ပြောပါရစေ။
Written by: အောင်မွန်ချမ်း
www.myanmarleaders.com
www.myanmarleaders.com


0 comments:
Post a Comment